:: Myanmar Weekly News :: Free eCards :: Free eBooks ::Free eMusics :: Free eMovies ::  
ဒေါ်အောင်ဆန်းစုကြည်တရားခွင်သို့ သီးခြားဖိတ်ထားသည့် ပြည်တွင်းမီဒီယာငါးခုနှင့် ပြည်ပမီဒီယာငါးခု တက်ရောက်ခွင့်ရ
ရန်ကုန်၊ မေ ၁၂
နေအိမ်အကျယ်ချုပ်ဖြင့် ၁၃နှစ်ကြာ ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား ဝင်ရောက်မှုကို မေလ ၂ဝ ရက်နေ့က ဆက်လက်ကြားနာရာ တရားခွင်သို့ သီးခြားဖိတ်ကြားခံရသည့် ပြည်တွင်းဂျာနယ်ငါးခုမှ သတင်းစာဆရာငါးဦးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်း ထောက်များအသင်းမှ အသင်းဝင်သတင်းထောက်ငါးဦးတို့ တက်ရောက်ခွင့်ရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများနှင့် တက်ရောက်ခွင့်ရ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် ၂၉ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းမှ အသင်းဝင်သတင်းထောက် ငါးဦးနှင့် ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းများမှ စာတည်းအဖွဲ့ဝင်ငါးဦးတို့အား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးကြားနာလျက်ရှိသည့် ပြစ်မှုကြီး အမှတ် ၄၇/၂ဝဝ၉၊ ၄၈/၂ဝဝ၉နှင့် ၄၉/၂ဝဝ၉ အမှုတရားခွင်သို့ လာရောက်လေ့လာခွင့်ပြုပါရန် လျှောက်ထားတင်ပြခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၂ နှင့် တရားရုံး လက်စွဲ အပိုဒ် ၄၈(၁) အရ တရားခွင်အတွင်း ဘေးအန္တရာယ်ဖြစ်စေတတ်သော လက်နက်များ ကိုင်တွယ်ယူဆောင်လာခြင်း မပြုရ၊ သတ်မှတ်နေရာများမှအပ ကျန်နေရာများသို့ သွားလာဝင်ထွက်ခြင်းမပြုရ၊ တရားခွင်အတွင်း အမှုသည်များနှင့် တွေ့ဆုံစကားပြောဆိုခြင်း၊ အသံဖမ်းယူခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရဟူသော ကန့်သတ်ချက်များဖြင့် ဝင်ရောက်ကြည့်ရှုနားထောင် ခွင့်ပြုခဲ့သည် ဟု မေလ၂၁ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းဦးစီးဌာနရှိ အရာရှိရိပ်သာ၌ထားရှိပြီး ကျန်းမာရေးအတွက် အကျဉ်းဦးစီးဌာနဆေးမှူး ချုပ်နှင့် ဆရာဝန်များက နေ့စဉ်အနီးကပ် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း အကျဉ်းဦးစီးဌာနမှ ဆရာဝန်ကြီးများအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကု ဆရာဝန်ကြီးနှစ်ဦး၊ နှလုံးရောဂါ အထူးကုဆရာဝန်ကြီးတစ်ဦးတို့က ကျန်းမားရေးစောင့်ရှောက်မှုပြုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံ ဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား Mr John William Yettaw မေ၃ရက်မှ ၅ရက်အထိ ဝင်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လေးဦးတို့အား စစ်ဆေးကြားနာနေဆဲဖြစ်ကြောင်း မေလ ၂၁ ရက်နေ့ ထုတ်ကြေးမုံသတင်းစာတွင် ဖော်ပြထားချက်အရသိရှိရသည်။
အဆိုပါကြားနာပွဲသို့ သီးခြားဖိတ်ကြားခံရသည့် ပြည်တွင်း ပုံနှိပ်မီဒီယာများမှာ Weekly Eleven ၊ မြန်မာတိုင်းမ်၊ ပေါ်ပြူလာ၊ ရန်ကုန်တိုင်းမ်နှင့် လျှပ်တစ်ပြက်ဂျာနယ်တို့ဖြစ်ပြီး တက်ရောက်ခွင့် ရသည့် မြန်မာနိုင်ငံခြား သတင်းထောက်များအသင်းဝင် သတင်းမီဒီယာများမှာ Reuters ၊ AFP ၊ JiJi Press ၊ NTV ၊ Sankei Shimbun တို့ဖြစ်ကြောင်း မေလ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
'' အမှုကြားနာစစ်ဆေးရာတွင် တရားလိုရှေ့နေစစ်ဆေးမှုကို တရားလို ပြသက်သေ ဒုရဲမှူးတင်ဇော်ထွန်းမှ ထွက်ဆိုခဲ့ပြီး သက်သေခံစာရွက်စာတမ်းများနှင့် သက်သေခံပစ္စည်းများတင်သွင်းခဲ့ကြောင်း အမှုကြားနာစစ်ဆေးမှုကို မွန်းလွဲတစ်နာ ရီခန့်တွင် စတင်စစ်ဆေးခဲ့ပြီး မွန်းလွဲ ၂နာရီ ၅မိနစ်တွင် အဆုံးသတ်ခဲ့သည်''ဟု မေလ၂၂ရက်နေ့ထုတ် Bi Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားချက်အရသိရသည်။

Back

ZawgyiOne Unicode Font
ZawgyiOne Unicode Installer
  Home
  ebook store
  epainting
  News & Note