|
ရန်ကုန်၊ မေ ၁၆
Microsoft အသိအမှတ်ပြုလက်မှတ်ရပြီးသူတိုင်း တစ်နည်းအားဖြင့် MCP ID ရရှိပြီးသူတိုင်းအား စာမေးပွဲကြေး ၅ဝ ရာခိုင်နှုန်း လျှော့ချပေးမည့် အစီအစဉ်တစ်ရပ်ကို မေလ ပထမပတ်အတွင်း စတင်နေပြီဖြစ်ကြောင်း အဆိုပါစာမေးပွဲများကို တာဝန်ယူစစ်ဆေးပေးနေသည့် Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Microsoft စာမေးပွဲကို ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မတိုင်မီဖြေဆို အောင်မြင်ခဲ့ဖူးကြသည့် မည်သည့် Microsoft Certified Professional မဆို အကျုံးဝင်ကြောင်းနှင့် Microsoft Certified Professional သို့ သွားရောက်စစ်ဆေးပြီး ပရိုမိုးရှင်းနံပါတ်တောင်းယူနိုင်ကြောင်း၊ တစ်ဦးလျှင် ပရိုမိုးရှင်းနံပါတ်တစ်ကြိမ်သာရယူနိုင်ပြီး အခြားသော ပရိုမိုးရှင်းတစ်ခုဖြစ်သည့် ဒုတိယအကြိမ်အခမဲ့ ပြန်လည်ဖြေဆိုခွင့်ကို တစ်ပြိုင်နက် အသုံးပြုခွင့်မရှိကြောင်း ယင်းစင်တာမှ သိရသည်။
MCP Upgrade ဟုခေါ်ဆိုသည့် အဆိုပါ ၅ဝ ရာခိုင်နှုန်းလျှော့ပေးမည့် ပရိုမိုးရှင်းကို ဇွန်လ ၃ဝ ရက်နေ့မတိုင်မီ ပရိုးမိုးရှင်းနံပါတ်ရယူဖြေဆိုနိုင်ပြီး ဒုတိယအကြိမ်အခမဲ့ပြန်လည်ဖြေဆိုခွင့် ပရိုမိုးရှင်းမှာ မေလ ၃ဝ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ ၅ဝ ရာခိုင်နှုန်းသက်သာမည့် ပရိုမိုးရှင်းနံပါတ်ရရှိရန် အနည်းဆုံး ၂၄ နာရီစောင့်ဆိုင်းပြီးမှ သက်ဆိုင်ရာ MCP ၏ ကိုယ်ပိုင် E-mail သို့ Microsoft မှ တိုက်ရိုက်ပို့ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် အဆိုပါ E-mail ကို Print ထုတ်၍ စင်တာသို့ ယူဆောင်လာရမည်ဟု Myanmar Inspirations မှ တာဝန်ရှိသူကဆိုသည်။
အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံ အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများအားလုံး ဖြေဆိုနိုင်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်နှင့် မန္တလေးရှိ Myanmar Inspirations ၏ Exam Center များတွင် ဆက်သွယ်မေးမြန်းနိုင်သည်။ |