|
ရန်ကုန်၊ ဧပြီ ၁၇
ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လူအစည်ကားဆုံးနေရာဖြစ်သော
ကမာရွတ်မြို့နယ် အင်းလျားကန်အနီး အင်းလျားလမ်းနှင့်
ပြည်လမ်းထောင့်အစွန်ဆုံး ရေကစားမဏ္ဍပ်၌ သင်္ကြန်ပြီးဆုံး၍ မဏ္ဍပ်ဖျက်သိမ်းစဉ်
အလုပ်သမားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး
ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) ညနေ ၄ နာရီခန့်၌
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတ်လိုက်ခံရသူသည် ဒဏ်ရာများဖြင့်
မဏ္ဍပ်အမိုးပေါ်၌ လဲနေခဲ့ပြီး ညနေ ၅ နာရီခန့်၌ ကားဖြင့်
ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း၊
ဓာတ်လိုက်ခံရသူအမည်မှာ ဦးဇော်မိုးလွင်ဟု သိရှိရပြီး အသက် ၄ဝ
ကျော်ခန့်ရှိကြောင်း၊ ၎င်းဓာတ်လိုက်စဉ် အသံမြည်ကာ မီးလောင်ပြီး
ဓာတ်ကြိုးပျက်ကျသွားခဲ့ကြောင်း၊ ဓာတ်လိုက်ခံရသူသည် အတွင်းခံဘောင်းဘီသာ
ကျန်ရှိပြီး ခန္ဓာကိုယ်မှာ ညိုမည်း၍ အရေပြားများ စုတ်ပြဲသွားသည်ကို
တွေ့ရကြောင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးသည့်အချိန်၌ လူနာမှာ
သတိရလျက်ရှိကြောင်း၊ ယခုနှစ်တည်ဆောက်ထားသော မဏ္ဍပ်များမှာလည်း မြင့်မားပြီး
ဓာတ်ကြိုးများနှင့် အလွန်နီးကပ်လျက်ရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက
သုံးသပ် ပြောကြားသည်။
''မဏ္ဍပ်ထရံအမိုးတွေကို တက်ခွာတာ။ ဝါးလုံးက ရုတ်တရက်ချော်ကျသွားတော့
မီရာကိုလှမ်းကိုင်လိုက်တဲ့ အချိန်ဓာတ်လိုက်သွားတာ။ ဓာတ်လိုက်တော့
အသံမြည်ပြီး သူ့ဝတ်ထားတဲ့ ပုဆိုးမီးလောင်သွားတယ်။ အတွင်းခံပဲကျန်တော့တယ်။
ကျွန်တော်တို့အားလုံး အင်္ကျီဝတ်မထားကြဘူး။ ခဏကြာလို့
ဓာတ်ကြိုးပြုတ်ကျတာကြောင့် သူသက်သာသွားတာ။ ကျွန်တော်တောင်
နည်းနည်းလွတ်သွားတာ'' ဟု အဆိုပါမဏ္ဍပ်၌ အတူ အလုပ်လုပ်ကိုင်သူ
တစ်ဦးကပြောကြားသည်။
အဆိုပါမဏ္ဍပ် ဖျက်သိမ်းရန်အတွက် အလုပ်သမားသုံးဦးဖြင့်
အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ မဏ္ဍပ်ပေါ်ရှိ ဓာတ်ကြိုးများကို ရော်ဘာစပ်၍
ကာရံထားသည်ကို တွေ့ရှိရကြောင်း၊ ယခုဓာတ်လိုက်သည့်နေရာသည်
ဓာတ်ကြိုးဆက်ထားခြင်းကြောင့် ရော်ဘာဖြင့် ကာရံမထားကြောင်း ၎င်းက
ပြောကြားသည်။ |