:: Myanmar Weekly News :: Free eCards :: Free eBooks ::Free eMusics :: Free eMovies ::  
စနစ်ဟောင်း၊ စနစ်သစ်

နှစ်ပေါင်း ၂ဝ ကျော် သောင်မတင်ရေမကျဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ရှေ့ခရီးသည် ယခုအခါပုံသဏ္ဌာန်အသစ်တစ်ခုဆီသို့ အသွင်ကူးပြောင်းရန် ပြင်ဆင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အခြေခံကျကျပြောရလျှင် STATE ဟုခေါ်သော နိုင်ငံတော်က Means of Production ဟုခေါ်သော ကုန်လုပ်စွမ်းအားစုများကို မည်ရွေ့မည်မျှချုပ်ကိုင်ထားပြီး ပြည်သူလူထုကို မည်သို့မည်ပုံရယူသုံးစွဲခွင့်ပြုမည်ဆိုသော စနစ်ကို ရေးသားပြဋ္ဌာန်းခြင်းဖြစ်ပေသည်။ အချုပ်အခြာအာဏာ (၃) ရပ်ကို ပိုင်းခြား၍ Check and Balance ပြုလုပ်ခြင်းဆိုသည်မှာလည်း အဆိုပါ Means of Production များကို အချုပ်အခြာအာဏာ (၃) ရပ်ဖြင့် မည်သို့ထိန်းချုပ်၍ မည်ရွေ့မည်မျှ Check and Balance ပြုလုပ်ခွင့်ပြုမည်ဆိုသော အချက်ကို ပြဋ္ဌာန်းခြင်းဖြစ်ပါသည်။
၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေသစ်နှင့် ပေါ်ထွန်းလာသော နိုင်ငံရေးစနစ်သည် အသွင်ကူးပြောင်းရေး အမှန်တကယ်ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အဆိုပါဥပမာကို နိုင်ငံသားအချို့က မကြာခဏ ထောက်ပြကြသည်ကို တွေ့ရသည်။ ၁၉၇၄ အခြေခံဥပဒေသည် တစ်ပါတီစနစ်ကို အခြေခံထားသောကြောင့် အထက်တွင်ဖော်ပြခဲ့သော ကုန်လုပ်စွမ်းအားစုများကို ထိန်းချုပ်သည့်စနစ်သည် ယခင်ပါတီအဖွဲ့အစည်း ယခင်လူတန်းစားအလွှာကပင် ဆက်လက်ချုပ်ကိုင်ထားရာ ထူးခြားမှုမမြင်တွေ့ခဲ့ရခြင်းဖြစ်ပေသည်။ တစ်ပါတီစနစ်ဖြစ်သောကြောင့် ကုန်လုပ်စွမ်းအားစုများအား ထိန်းချုပ်ပုံနှင့်ပတ်သက်၍ Check and Balance ပြုလုပ်မည့် အတိုက်အခံ မရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍ၏ ရပ်တည်မှုကို အသိအမှတ်ပြုမထားသောကြောင့် ကုန်လုပ်စွမ်းအားစုများကို ရယူသုံးစွဲခွင့်ဆိုသည်မှာ ပြောစရာပင်မလိုဘဲ ရှိခဲ့ပါသည်။ ထို့ကြောင့် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် များစွာပျင်းစရာကောင်းသော စာရွက်တစ်ထပ်သာဖြစ်ခဲ့ရခြင်းဖြစ်ပေသည်။
တစ်ပါတီစနစ်မဟုတ်တော့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြိုင်ဘက်ပါတီများ ပေါ်ပေါက်လာပြီဖြစ်ရာ ကုန်လုပ်စွမ်းအားစုများကို ထိန်းချုပ်ခွင့်အလို့ငှာ ဖြစ်ပေါ်လာဖွယ်ရှိသည့် Check and Balance များကို မည်ရွေ့မည်မျှအထိ ခွင့်ပြု၍ မည်သို့မည်ပုံ ကန့်သတ်ထားမည်ဆိုသောအချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အဓိကရှာဖွေကြည့်ရသော အချက်များဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွန်းလာသော အခြေခံဥပဒေသစ်ကို လက်တွေ့ကျင့်သုံးရာတွင် ကုန်လုပ်စွမ်းအားစုများကို STATE ခေါ် နိုင်ငံတော်နှင့် နိုင်ငံတော်ကို ကိုယ်စားပြု၍ ချုပ်ကိုင်ခွင့်ရသူ အဖွဲ့အစည်းက မည်ရွေ့မည်မျှရယူသုံးစွဲခွင့်ပြု၍ မည်သို့မည်ပုံ Check and Balance ပြုလုပ်ခွင့်ပြုသည်ဆိုသောအချက်များမှာ အခြေခံဥပဒေသက်သက်ကို လေ့လာရုံမျှဖြင့် အသေအချာမသိရှိနိုင်ဘဲ ရွေးကောက်ပွဲရလဒ်များပေါ်တွင်လည်း များစွာမူတည်မည်ဖြစ်ပေသည်။ သို့သော်များစွာသေချာသည်မှာ ၁၉၆၂ ခုနှစ်မှစ၍ ဖြစ်ပေါ်ခဲ့သော ပုံသဏ္ဌာန်ဟောင်းဖြစ်သည့် ကုန်လုပ်စွမ်းအားစုများကို အကန့်အသတ်မရှိ Check and Balance မရှိ ထိန်းချုပ်ခွင့်ရှိခဲ့သောအခြေအနေကို ကျော်လွန်သွားလိမ့်မည်ဆိုသောအချက်မှာ ယခုအသစ်ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်နှင့်ပတ်သက်၍ မျှော်လင့်ချက်ဖြစ်ပါသည်။
၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မည်သို့သောနိုင်ငံရေးပုံသဏ္ဌာန် ဖြစ်ပေါ်လာမည်ဆိုသောအချက်သည် တည်ဆဲအစိုးရအပေါ်တွင် မူတည်သည်ဟုပြောဆိုသော မှတ်ချက်များရှိခဲ့ပါသည်။ အသွင်ကူးပြောင်းရေးဆိုရာတွင် State ခေါ် နိုင်ငံတော်၊ Market ခေါ် ဈေးကွက်နှင့် Civil Society ခေါ် လူ့အဖွဲ့အစည်း စသည့်အင်အားစုသုံးရပ် အသွင်ကူးပြောင်းခြင်းဖြစ်ရာ ယနေ့ယခု Market နှင့် Civil Society တို့က ယနေ့မည်သို့ရင်းနှီးမြှုပ်နှံသည်ဆိုသော အချက်သည်လည်း ၂ဝ၁ဝ ၏ နိုင်ငံရေးရုပ်ပုံလွှာကို ထင်ဟပ်လိမ့်မည်ဖြစ်ပါသည်။
အောင်ထွဋ်

Back

 

ZawgyiOne Unicode Font
ZawgyiOne Unicode Installer
  Home
  ebook store
  epainting
  News & Note