|
မြန်မာ eBook
ဗိသုကာ ဦးမျိုးမြတ်သူက မြန်မာ eBook ၏ ၅ နှစ်တာလုပ်ငန်းများကို
ရှင်းလင်းပြောပြပြီး အခမ်းအနား ကို ရုပ်သိမ်းသည်။ ထိုနေ့က မြန်မာ eBook
အနေနှင့် ပေးရမည့် ဉာဏ်ပူဇော်ခများကို ပင့်ဖိတ်ထားသည့် စာရေးဆရာများ အား
ပေးအပ်လှူဒါန်းသည်။ ဦးမျိုးမြတ်သူ နိဂုံးချုပ်ပြောသွားသည့် စကားကို
ကြားရသည့်အတွက် မုဒိတာများပွားရသည်။ “စာရေးဆရာ၏ သားတစ်ယောက်အနေနှင့်
စာရေးဆရာများကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ပါဘူး” ဟု ပြော
သွားသည်။
စာပေအနုပညာနှင့် ပတ်သက်သော စာရေးဆရာနှင့် အနုပညာရှင်များ
ရသင့်ရထိုက်သည့် မူပိုင်ခွင့် “ကော်ပီရိုက်” ပြဿနာနှင့် ပတ်သက်၍
အငြင်းပွားနေချိန် ဦးမျိုးမြတ်သူ၏ နိဂုံးချုပ်စကားသည်
ပြဿနာဖြေရှင်းရန်အတွက် နက်ရှိုင်း သော ဂိုက်လိုင်းတစ်ရပ် ဖြစ်သည်ဟု
ယူဆသည်။ ဦးမျိုးမြတ်သူ၏ ဂိုက်လိုင်းကို ကြားရသည့်အခါ
ကော်ပီရိုက်နှင့်ပတ် သက်ပြီး မိမိရေးဖူးသည့် ဆောင်းပါးတစ်ပုဒ်ကို
သတိရလာသည်။
တစ်နေ့က လူသုံးယောက် ကျွန်တော့်အိမ်ပေါက်လာ၏။
သုံးယောက်ထဲက တစ်ယောက်ကို သိဖူးသလိုလို ရှိနေသည်။ သို့သော်
တကယ်စဉ်းစားကြည့်တော့ နာမည်ဖော်မရတော့။ ကျွန်တော် ဇဝေဇ၀ါ
ဖြစ်နေမှန်းသိသောအခါ ထိုသူကပင် သူ့ ကိုယ်သူ မိတ်ဆက်သည်။
“ကျွန်တော်
သန်းတင့်အောင်ပါ။ အခု ဆရာ့ဆီ ကျွန်တော်တို့လာရတဲ့ အကြောင်းကတော့
ကက်ဆက်ခွေတစ်ခွေ သွင်းချင်လို့ပါ။ အဲဒါ လာအကြောင်းကြားတာပါ”
ကျွန်တော် သူတို့ကို အံ့သြသည့်အမူအရာဖြင့် ကြည့်နေမိသည်။
သူတို့ဆီက ထိုကိစ္စမျိုး ပြောလိမ့်မည်ဟု ကျွန်တော် လုံးဝမမျှော်လင့်ပေ။
သူတို့ကို ကက်ဆက်ဇာတ်လမ်း သွင်းနေသူများဟုလည်း သိမထားပေ။ သူတို့ဆီက
ကျွန်တော် လုံးဝ မမျှော်လင့်သည့်ကိစ္စကို ကြားရသည့်အခါ ကျွန်တော်
အံ့သြသလိုလို ဖြစ်သွားသည်။
“ဆရာ ဘယ်လိုသဘောရသလဲ”
ထိုသူက ကျွန်တော် အင်းမလှုပ် အဲမလှုပ် လုပ်နေသည်ကို
တွေ့ရသဖြင့် ထပ်မံဆန္ဒပြုပြန်သည်။
“ကျွန်တော့်အနေနဲ့ ဘာမှသဘောမတူစရာ မရှိပါဘူး။
တစ်ခုပဲဖြစ်စေချင်တယ်။ သွင်းတဲ့အခါ တတ်နိုင်သလောက် ပီပီ သသလေးတော့
ဖြစ်စေချင်ပါတယ်။ ဒါကလဲ စာရေးဆရာရဲ့ ဆန္ဒပါ။ တကယ်လက်တွေ့လုပ်တဲ့အခါမှာ
ခင်ဗျားတို့အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာတော့ ကျွန်တော်မသိဘူး”
“ကျွန်တော် အစွမ်းကုန်လုပ်ပါမယ်။ သွင်းတဲ့နေ့ကျတော့ ဆရာလဲ
လာကြည့်ပါအုံး” ကျွန်တော် သဘောတူလိုက် သည်။
ဆရာ့ကို ကျွန်တော်တို့ ဉာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ”
“အဲဒါလဲ ကျွန်တော် မပြောတတ်ဘူး။ ခင်ဗျားတို့ သင့်တော်သလို
ကြည့်ပေးပါ။ ကျွန်တော့်အနေနဲ့ကတော့ ခင်ဗျားတို့ အခုလို
လာအကြောင်းကြားတာကိုပဲ ကျေးဇူးတင်လှပါပြီ”
ကျွန်တော့်တွင် မိမိ၏ ၀တ္ထုဇာတ်လမ်းများကို
အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပြီး ဖြစ်နေသည်။
လွန်ခဲ့သော ငါးလခြောက်လခန့်ကပင် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သေးသည်။
တစ်နေ့ မြန်မာ့အလင်း သတင်းစာအယ် ဒီတာ ဦးသန်းအောင်က (ထိုအချိန်က
သတင်းစာများ ပြည်သူပိုင် မလုပ်ရသေး) ကျွန်တော့်ဆီ ဖုန်းနှင့်ဆက်ပြီး စကား
ပြော၏။
“ဆရာ မနေ့ညက မြို့တော်သိန်းအောင်ဇာတ်ထဲက ထွက်ပြီး
မန္တလေးရတနာပုံအငြိမ့်မှာ သွားအမှုထမ်းနေတဲ့ လူရွှင် တော်ဦးချစ်စရာနဲ့
ပေါစံတို့ ကျွန်တော့်ဆီ ရောက်လာကြတယ်။ ကိစ္စကတော့ ဆရာ့ဝတ္ထုဇာတ်လမ်းတစ်ခု
အသုံးပြုမလို့ဆို လား၊ အသုံးပြုပြီးပြီဆိုလား အဲဒါ ဆရာ့ကို ဉာဏ်ပူဇော်ခ
ချီးမြှင့်မလို့တဲ့။ ဆရာ့ဆီ ကျွန်တော် ဖုန်းဆက်တာ ဆက်လို့မရ တာနဲ့ သူတို့
နောက်ထပ် ရက်ချိန်းပေးပြီး ပြန်သွားကြတယ်။ သန်ဘက်ခါ ၂ နာရီလောက်
သူတို့လာကြလိမ့်မယ်။ ကျွန် တော်ပါ အိမ်လိုက်ခဲ့မယ်။ ဆရာ ဘယ်မှမသွားပါနဲ့။
အိမ်ကပဲ စောင့်နေပါ”
ဦးသန်းအောင် ချိန်းသည့်နေ့တွင် ကျွန်တော် တစ်နေ့လုံး
စောင့်နေ၏။ ချိန်းထားသူများ ပေါ်မလာကြ။ နောက်နှစ်ရက် သုံးရက် ဆက်စောင့်၏။
ဉာဏ်ပူဇော်ခပေးမည့်သူများ ပေါ်မလာကြတော့။ ကြားထားက ဦးသန်းအောင်သာလျှင်
ကျွန် တော်နှင့် တွေ့တိုင်း အားတုံ့အားနာ ဖြစ်နေရှာသည်။
ကျွန်တော်၏ ၀တ္ထုများမှ ဇာတ်လမ်း၊ ဇာတ်ကွက်ကိုယူပြီး
အသုံးပြုသည့် အငြိမ့်အဖွဲ့များ ဇာတ်အဖွဲ့များမှာ မနည်း တော့ပေ။
သို့ရာတွင် အသုံးပြုသူ အတော်များများမှာ ဉာဏ်ပူဇော်ခ ပေးဖို့ဝေးစွ။
ဇာတ်လမ်းအသုံးပြုထားသည့်အ ကြောင်း ခွင့်ပင်မတောင်းပေ။ အကြောင်းပင်
မကြားပေ။ အချိန်များစွာ ကြာပြီးမှ လူသတင်း လူချင်းဆောင်ပြီး ကျွန်တော်
သိရခြင်းဖြစ်သည်။ မန္တလေးမြို့မှ ရတနာပုံအငြိမ့်နှင့်
သစ်လွင်အငြိမ့်တို့သည် ကျွန်တော်၏ ၀တ္ထုဇာတ်လမ်းများကို အသုံး ပြုကြောင်း
မန္တလေးမှလာသည့် မိတ်ဆွေများမှတစ်ဆင့် သိရသည်။ ကျွန်တော်ကိုယ်တိုင်မူ
မကြားဖူး မမြင်ဖူးသေးပေ။
ကျွန်တော့်ဝတ္ထုများထဲက အသုံးများသော ဇာတ်လမ်းမှာ
အမ္ဗပါလီဖြစ်သည်။ ရွှေမန်းတင်မောင် မကွယ်လွန်မီ လေးငါး နှစ်က ကျွန်တော်၏
အမ္ဗပါလီဇာတ်လမ်းကို ငွေတစ်ထောင်ဖြင့် ဝယ်သာထားသော်လည်း ရွှေမန်းတင်မောင်
ပြဇာတ်အဖြစ် စင်တင်မသွားနိုင်ရှာပေ။ စန္ဒာဦးခေတ်ရောက်လာသောအခါ
စန္ဒာဦးဇာတ်အဖွဲ့က အမ္ဗပါလီကို ပြဇာတ်ကသည်။ ယင်းအ တွက် စန္ဒာဦးက
ကျွန်တော့်ကို ဉာဏ်ပူဇော်ခ ငွေငါးရာပေးသည်။ စန္ဒာဦးဇာတ်အဖွဲ့သည်
ကျွန်တော်၏ စိတြလေခါနှင့် အခြားဇာတ်လမ်းတစ်ခုကိုလည်း ဇာတ်ကသေးသည်။
သို့ရာတွင် ယင်းပြဇာတ်များအတွက်မူ တစ်ပြားတစ်ချပ်မျှ မပေး ပေ။
တချိန်တုန်းက လယ်စိုက်ရှင်းကလည်း ပြဇာတ်တို့ ဇာတ်သဘင်တို့ ကသေးသည်။
ထိုအချိန်က ဗိုလ်ကလေးတင့် အောင် ဒါရိုက်တာလုပ်ပြီး
ကျွန်တော့်ဝတ္ထုဇာတ်လမ်း အချို့အ၀က်ကို “မိခင်အို ကျေးဇူးရှင်” အမည်ဖြင့်
ပြဇာတ်ကဖူး သည်။ ယင်းအတွက် ကျွန်တော် ဉာဏ်ပူဇော်ခ ငါးရာရဖူးသည်။
ရုပ်ရှင်နှင့် ဂီတအသင်းများကလည်း “အမ္ဗပါလီ”ကို ပြ ဇာတ်ကဖူး၏။ သို့သော်
သူတို့၏ ဇာတ်လမ်းမှာ ကျွန်တော်၏ ဇာတ်လမ်းမဟုတ်ဟုဆိုသည်။ မှန်ပါသည်။
သူတို့သည် တစ် ခါက ရောက်လာသော “အမရပါလီ” အိန္ဒိယရုပ်ရှင်ဇာတ်လမ်းကို
ယူထားကြခြင်းဖြစ်သည်။ သို့သော် နေရာနှင့် အမည်နာ မများကို
ကျွန်တော့်ဇာတ်လမ်းမှသာ ယူထားကြောင်း သိရသည်။
သူတို့ဇာတ်လမ်းယူထားသည်ဟုဆိုသော အိန္ဒိယရုပ်ရှင် ၌ အမ္ဗပါလီ၏ အတွဲမှာ
ဗိမ္ဗိသာရ မဟုတ်။ ဗိမ္ဗိသာရ၏သား အဇာတသတ်ဖြစ်နေသည်။ သူတို့၏ ပြဇာတ်၌မူ
ကျွန်တော့် ၀တ္ထုပါအတိုင်း အမ္ဗပါလီနှင့် ဗိမ္ဗိသာရကို တွဲထားသည်။
ယင်းသို့အားဖြင့် ကျွန်တော်၏ ၀တ္ထုဇာတ်လမ်း အသုံးပြုသူ
အတော်များများမှာ အကြောင်းပင်ကြားဖော်မရသဖြင့် ယခုကဲ့သို့
ဂရုတစိုက်လာပြီး အကြောင်းကြားဖော်ရသူများနှင့် ဆုံသောအခါ ၀မ်းသာအားရ
အမှန်ပင်ဖြစ်မိသည်။
သန်းတင်အောင်နှင့်အဖွဲ့သည် ကျွန်တော့်ကို
အမ္ဗပါလီဇာတ်လမ်းအတွက် ဉာဏ်ပူဇော်ခ ငွေငါးရာပေးပြီး ပြန်သွားကြသည်။
စက်တင်ဘာ ၅ ရက်နေ့တွင် အမ္ဗပါလီဇာတ်လမ်း အသံသွင်းကြသည်။ ကျွန်တော် ညနေ
၎ နာရီလောက် ရောက်သွားတော့ အသံသွင်းနေကြပြီ။ အသံသွင်းသည့် အခန်းနှင့်
စက်ခန်းတို့ အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ ခေတ္တနားနေကြသည့်အခါ၌
တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်နေကြသည်။
ဗိမ္ဗိသာရသရုပ်ဆောင်သော ရုပ်ရှင်မင်းသားကြီးသည်
သူတို့ကြားထဲတွင် အသက်အတော်ရနေသည့် လူကြီးတစ်ဦးဖြစ်သည်။ သူ့ကိုအားလုံးက
လေးစားချစ်ခင်ပုံရသည်။ ကလေးလူကြီးအားလုံးက သူ့ကို “လေးလေး”... “လေးလေး”
နှင့် ခေါ်ကြသည်။ သူကလည်း အားလုံးကို ပွင့်ပွင့်လင်းလင်းပြောသည်။ ထိုနေ့က
ရုပ်ရှင်မင်းသားကြီးသည် သူ့အိမ်မှ ပက်လက်ကုလားထိုင် သယ်ယူလာပြီး
ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
သူ့ဇာတ်ဝင်ခန်းကျမှ သူဝင်အသံသွင်းပြီး ကျန်အချိန်များ၌
သူ့ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး သူယူလာသည့် ရေနွေးကြမ်းနှင့်
ဇိမ်ကျနေသည်။
အမ္ဗပါလီမှာ အေးအေးသင်း ဖြစ်သည်။ အေးအေးသင်းကို
လွန်ခဲ့သည့် ဆယ်နှစ်ကျော် “အိုမိခင် ကျေးဇူးရှင်” ပြဇာတ်တုန်းကပင်
သိကျွမ်းဖူးသည်။ ယခုတစ်ဖန် လာဆုံနေရပြန်ပြီ။ ရိုးရိုးကလေး
ဝတ်စားဆင်ယင်ထားသည်။ ဆန်းဆန်းပြားပြား ၀တ်စားဆင်ယင်ဖို့
လိုသည့်အချိန်အခါလည်း မဟုတ်ပေ။ သူ့ခင်ပွန်းလည်း ပါလာသည်။
သူ့ခင်ပွန်းနှင့်သူ လုံချည်ဆင်တူ အင်္ကျီဆင်တူ ၀တ်ထားသည်။
သူ့ခင်ပွန်းဝတ်သည့် ပုဆိုးကွက်တုံးကို အေးအေးသင်းက လုံချည်ချုပ်ဝတ်သည်။
အေးအေးသင်း ဝတ်သည့်အဆင်ကို သူ့ခင်ပွန်းက အင်္ကျီချုပ်ဝတ်ထားသည်။ အေးအေးသင်းက
သူ့ကိုယ်သူ “မအေး...မအေး”ဟု ခေါ်ခေါ်ပြီး စကားပြောသည်။
သူတို့ဇနီးမောင်နှံနှစ်ဦးလုံး ကျွန်တော့်စာအုပ်များကို
အတော်ကိုဖတ်သည်မှာ ခုနှစ်ခေါက်ရှိပြီဟုဆိုသည်။ ၀တ္ထုစာအုပ်ထဲက
စာပိုဒ်များနှင့် ဇာတ်ဆောင်အမည်များကို အလွတ်ရနေသည်။ “စိတြရလေခါ”
အင်္ဂလိပ်ဘာသာပြန် ကိုပင် ဖတ်ဖူးသည်ဟု ဆိုသည်။
ဗိမ္ဗိသာရနှင့် အမ္ဗပါလီအပြင် အခြားဇာတ်ရံများလည်း
သူ့နေရာနှင့်သူ ထောင့်စေ့အောင် စီစဉ်ထားသည်။ အမ္ဗပါလီဇာတ်လမ်းကို
အသံသွင်းရသည်မှာ သူတို့အတွက် အခြားရိုးရိုးဇာတ်လမ်း အသံသွင်းကြသည်။
ကျွန်တော် ညနေ ၄ နာရီလောက် ရောက်သွားတော့ အသံသွင်းနေကြပြီ။
အသံသွင်းသည့်အခါ ခေတ်ဇာတ်လမ်းလောက် လွယ်ကူပုံမရ။ သူတို့ကို
အထူးအနှောင့်အယှက်ပေးနေသည်မှာ ပါဠိစကားလုံးများဖြစ်သည်။ ပါဠိစကားလုံးကို
အတော်ကြိုးစားပြီး ဖတ်နေကြရရှာသည်။ အသံသွင်းရင်း
ပါဠိစကားလုံးမှားသွားသဖြင့် ထပ်သွင်းရသည်မှာလည်း အကြိမ်ကြိမ်။
နားထောင်ရသူမှာ တစ်နာရီ နှစ်နာရီနှင့် ကိစ္စပြီးသွားသော်လည်း သူတို့ခမျာ
နေ့တစ်ဝက်နှင့် တစ်ညလုံး အသံသွင်းနေကြရရှာသည်။ ဒါရိုက်တာ
မကြိုက်သောကြောင့်လည်းကောင်း၊ စက်ဆရာက ပြန်ပြင်သွင်းခိုင်းသောကြောင့်လည်းကောင်း
မကြာခဏ ပြန်သွင်းကြရသည်။ အသံသွင်းနေသူ ကိုယ်တိုင်ကပင် အသံသွင်းနေရာက
တစ်ဝက်လောက်အရောက်တွင် သူ့ဟာသူမကြိုက်ဖြစ်ပြီး “ပြန်သွင်း”ဟုပြောလျက်
ပြန်အသွင်းခိုင်းသည်ကိုလည်း မကြာခဏ တွေ့ရသည်။ အသံသွင်းနေစဉ်
ကြွက်လျှောက်ပြေးသွားသဖြင့် ပျက်သွားသည့်အခါလည်းရှိသည်။
ရိုက်ရှင်ရိုက်သလောက် မခက်ခဲစေကာမူ သူ့အတိုင်းအတာနှင့်သူ အခက်အခဲရှိသည်။
ကြိုးစားအားထုတ်မှုနှင့် ကင်းကွာ၍မရပေ။
ကျွန်တော် ဆုံးသည်အထိ စောင့်မနေနိုင်တော့ပေ။ ည ၇
နာရီလောက်တွင် ပြန်လာသည်။ သူတို့တတွေကား ဇာတ်လမ်းဆုံးအောင် ညလုံးပေါက်
အသံသွင်းနေရစ်ခဲ့ကြသည်။
ကျွန်တော် စတူဒီယိုထဲမှ ထွက်လာတော့ ဗိမ္ဗိသာရ၏
ချစ်စကားဆိုသံနှင့် အမ္ဗပါလီ၏ ခါးခါးသီးသီးငြင်းပယ်သံ စတူဒီယိုထဲတွင်
ပဲ့တင်ညံ ကျန်ရစ်ခဲ့သည်။ |